Early Dawn Microfinance ကုမ္ပဏီ၏ ဝန်ထမ်းမိသားစုများ စုပေါင်း၍ နှစ်စဉ်ပြုလုပ်သော “စုပေါင်းမဟာဘုံကထိန်” လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ရွှေတောင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဤကထိန်လှူဒါန်းပွဲအခမ်းအနားကို DAWN ဝန်ထမ်းမိသားစု တစ်ဦးချင်းစီ၏ လှူဒါန်းလိုသောစိတ်၊ သဒ္ဓါတရားနှင့် မေတ္တာတရားတို့ ပေါင်းစည်းမှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ရှေးဦးစွာ နံနက်ပိုင်းတွင် ကုမ္ပဏီဝန်ထမ်းမိသားစုများနှင့် ဧည့်ပရိသတ်များ စုပေါင်း၍ သီလခံယူခြင်း၊ ဆရာတော် သံဃာတော်များက ပရိတ်တရားတော်မြတ်နှင့် ကထိန်အာနိသင်အကျိုး (၅)ပါးတို့ကို ဟောကြားချီးမြှင့်ခြင်း၊ ကထိန်ရေစက်ချ အမျှပေးဝေခြင်းနှင့် သိမ်ဆင်းလောင်းခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ ကျောင်းရှိ သံဃာတော်များနှင့် ပင့်သံဃာတော်အရှင်သူမြတ်တို့အား ဝန်ထမ်းများက ကိုယ်တိုင်ကိုယ်ကျ နေ့ဆွမ်းဆက်ကပ်ခဲ့ပြီး၊ ဆန်၊ ဆီ၊ ဆား၊ ဆေးနှင့် နဝကမ္မ လှူဖွယ်ဝတ္ထု အစုစုတို့ကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် Head Office ဝန်ထမ်းများအားလုံးကိုလည်း ကြက်ဆီထမင်း၊ ရေခဲမုန့်တို့ဖြင့် နေ့လည်စာကျွေးမွေးခဲ့ပါသည်။
ယခုကဲ့သို့ စုပေါင်းမဟာဘုံကထိန် အလှူတော်မြတ်ကြီးကို လှူဒါန်းခဲ့သော Early Dawn Microfinance ကုမ္ပဏီ ဝန်ထမ်းမိသားစုများ၏ ကုသိုလ်ကောင်းမှု အဖို့ဘာဂတို့ကို DAWN ၏ အဖွဲ့ဝင်များ၊ Client များ နှင့်တကွ နတ်လူသတ္တဝါအပေါင်းတို့အား ရည်စူး၍ အမျှကုသိုလ် ပေးဝေလိုက်ရပါသည်။













