၂၀၂၅ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် DAWN Microfinance ကုမ္ပဏီဝန်ထမ်းမိသားစုများမှ စုပေါင်း၍ ငလျင်ဒဏ်ကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မြင်စိုင်း(အလယ်)ကျေးရွာတွင် ရေသန့်စက်နှင့်ဆိုလာအသုံးပြုရန်အတွက် သွားရောက်လှူဒါန်းခဲ့ပါသည်။ အဆိုပါ လှူဒါန်းမှုကို DAWN Microfinance ရှိ ဝန်ထမ်းမိသားစုများအားလုံး၏ ကိုယ်ပိုင် စိတ်အားထက်သန်မှုဖြင့် ရရှိလာသည့် စုပေါင်းအလှူငွေဖြင့် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
ယခုလှူဒါန်းသည့် ရေသန့်စက်နှင့်ဆိုလာမှာ မြင်စိုင်း(အလယ်)ကျေးရွာအတွင်းရှိ အိမ်ထောင်စုပေါင်း (၅၀၀)ကျော်ကို နေ့စဉ်လုံလောက်သည့် ရေသန့်များကို ပေးဝေသွားနိုင်မှာဖြစ်ပါသည်။ အဆိုပါ ကျေးရွာအတွင်း သောက်သုံးရေ ရရှိရန်မှာ ရေတွင်းတူးရန်အတွက် ကုန်ကျစရိတ်အလွန်မြင့်မားနေခြင်းနှင့် ရေတွင်ပါဝင်သော ထုံးဓာတ်များပြားနေခြင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်ခြင်း စသည့်အခက်အခဲ များအားလုံးကိုပြေလည်သွားမည်ဖြစ်ပြီး ရွာသားများအတွက် သန့်ရှင်းသောသောက်သုံးရေ ရရှိမှုပြဿနာနှင့် ရေကြောင့်ရောဂါဖြစ်ပွားမှုနှုန်းကိုလည်း ထိရောက်စွာ လျှော့ချနိုင်မည်ဟု ရည်ရွယ်၍လှူဒါန်းခြင်း ဖြစ်ပါသည်။ ရေသန့်စက်မှ တစ်နာရီလျှင် ရေသန့် (၅၀၀လီတာ)၊ တစ်ရက်လျှင် ရေသန့် (၃၀၀၀လီတာ)နှင့် ဆိုလာစနစ်မှ ရေသန့်စက်တစ်ရက်တာလည်ပတ်နိုင်ရန်နှင့် မီးထွန်းရန်၊ Mobile Device များကိုလည်း အားသွင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။
အဆိုပါလှူဒါန်းမှုအခမ်းအနားတွင် DAWN ရုံးချုပ်မှ CEO, ဒေါ်ခင်သီတာ နှင့် တာဝန်ရှိသူများ၊ ကျောက်ဆည်ဌာနခွဲမှဝန်ထမ်းများက တက်ရောက်ခဲ့ကြပြီး ရွာသားများနှင့်တွေ့ဆုံကာ ယခုကဲ့သို့ ရေသန့်စက်လှူဒါန်းရခြင်းနှင့် ရေရှည်ဆက်လက်ထိန်းသိမ်း သွားကြရန်တို့ကိုလည်း ဆွေးနွေးပြောကြား ခဲ့ကြပါသည်။ ထို့အပြင် ရေသန့်စက်နှင့်ဆိုလာကို စနစ်တကျအသုံးပြုနိုင်ရေးအတွက်လည်း နည်းပညာ ဆိုင်ရာ လမ်းညွှန်ချက်များကိုလည်းပေးအပ်ခဲ့ကြပါသည်။