ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုဦးရေ လျင်မြန်စွာ တိုးတက်လာမှုကြောင့် DAWN အနေဖြင့် အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံရေးအတွက် လိုအပ်သည်များကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ လက်ရှိကာလတွင် ဌာနခွဲများအနေဖြင့် အစိုးရမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို တိကျစွာလိုက်နာ၍ အဖွဲ့ဝင်များ လိုအပ်သော မရှိမဖြစ် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေး လျက်ရှိနေပါသည်။ ရောဂါကြိုတင် ကာကွယ်ရေးအတွက် အောက်ဖော်ပြပါအတိုင်း စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။
- ဌာနခွဲများတွင် ထိတွေ့မှုများသည့် တံခါးလက်ကိုင်များ၊ ထိုင်ခုံများ၊ ငွေကောင်တာများနှင့် သန့်စင်ခန်းများကို မကြာခဏ သန့်ရှင်းရေးပြုခြင်းအပြင် အဖွဲ့ဝင်များလက်ဆေးရန်အတွက် နေရာများ ထားရှိခြင်း၊
- ဝန်ထမ်းများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ရောဂါပိုးကူးစက်ခံရမှုမှကာကွယ်ရန်နှင့် တန်ဖိုးထားရသော အဖွဲ့ဝင်များကူးစက်ခံရမှုမရှိစေရန်အတွက် လိုအပ်သော ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်ဆေး ဆပ်ပြာများ၊ လက်သန့်ဆေးရည်များကို အပြည့်အစုံထောက်ပံ့ထားခြင်း၊
- အဖွဲ့ဝင်များနှင့်ဝန်ထမ်းများကို WHO နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များကို လိုက်နာမှုရှိစေရန်နှင့် တစ်ကိုယ်ရည်သန့်ရှင်းအောင် ပြုမူနေထိုင်ခြင်း၏ အရေးပါမှုများနှင့် ပတ်သတ်၍ အမြဲတစေ ပညာပေးလျက်ရှိပြီး၊ COVID- 19 ကာကွယ်ရေးနှင့်ပတ်သတ်သောပိုစတာများကို ဌာနခွဲတိုင်းတွင် ချိတ်ဆွဲထားပါသည်။
- လုပ်ငန်းခွင်အတွင်းသာမက Client များကို ချေးငွေဝန်ဆောင်မှုပေးသည့် အခါတွင်လည်း Social Distancing ကို လိုက်နာကျင့်သုံးရန် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
DAWN အနေဖြင့် လိုအပ်သော တန်ပြန်ဆောင်ရွက်မှုများကို အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင် နိုင်ရန်အတွက် ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို အစဉ်မပြတ် စောင့်ကြည့်လျက်ရှိပြီး သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိနေပါသည်။
တန်ဖိုးထားရပါသော အဖွဲ့ဝင်များ၊ မိတ်ဖက်များနှင့် မိတ်ဆွေများအားလုံး မိမိကိုယ်ကို ဂရုစိုက်၍ လုံခြုံစွာနေထိုင်ကြပါ။